

Fonia ကမ္ဘာအတွင်းမှာ တဦးတည်း စွန့်စားခန်းဖွင့်ရင်း ရှေ့ဆက်ရမယ့် ဂိမ်းအတွင်းမှာ ဂိုဏ်းပြိုင်ပွဲများဟာ ကစားသမား အချင်းချင်း ယှဉ်ပြိုင်တိုက်ခိုက်လို့ရတဲ့ PvP Mode တစ်ခုအနေနဲ့ ပါဝင်တဲ့ ကစားနည်းတစ်ခု ဖြစ်ပါတယ်။
ဂိုဏ်းပြိုင်ပွဲများကို အပတ်စဉ် ၃ ရက်ကျင်းပလေ့ရှိပြီး ပြိုင်ပွဲစတင်ပြီး အချိန် ၈နာရီ အတွင်းမှာ ယှဉ်ပြိုင်ရမှာပါ။ ဂိုဏ်းပြိုင်ပွဲများကို အလိုအလျောက်ယှဉ်တွဲပေးတာဖြစ်ပြီး ယှဉ်တွဲမှုအတွင်းပါဝင်နိုင်ဖို့ ကစားသမားဦးရေ ၅ဦးနဲ့ အထက်ရှိတဲ့ ဂိုဏ်းဖြစ်နေဖို့တော့လိုပါတယ်။ ကစားနည်းအနေနဲ့ ဂိုဏ်းပြိုင်ပွဲ စတင်တဲ့အချိန်မှာ သီးသန့်တိုက်ပွဲမြေပုံတခု ပွင့်လာမှာဖြစ်ပြီး အလိုအလျောက်ရွေးချယ်ပေးထားတဲ့ ပြိုင်ဘက်အသင်းက ခံတပ်တွေကို အနိုင်ရရှိအောင် တိုက်ခိုက်ရပါမယ်။ ကစားသမားအနေနဲ့ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ ရန်သူ့ခံတပ်ကို ၂ကြိမ်တိုက်ခိုက်ရမှာပါ။ အနိုင်ရရှိခဲ့ရင်တော့ တိုက်ခိုက်ရတဲ့ ခက်ခဲမှုအပေါ်မူတည်ပြီး ကြယ် ၁လုံးမှ ၃လုံးအထိ ရလာခဲ့မှာဖြစ်ပြီး ကြယ်အများဆုံးရတဲ့ အသင်းကိုတော့ အနိုင်သတ်မှတ်မှာဖြစ်ပါတယ်။
ပြိုင်ပွဲပြီးဆုံးသွားတဲ့ အချိန်မှာ ၂ဖက်အသင်းအနေနဲ့ ပြိုင်ပွဲပါဝင်ခဲ့တဲ့အတွက် ဂိုဏ်းထောက်ပံ့မှု (ရမှတ်) များ ခွဲဝေရရှိလာပါလိမ့်မယ်။ အနိုင်ရပွဲစဉ်အဆင့် ထိပ်ဆုံးဝင်တဲ့ သူတွေကတော့ ဂိုဏ်းထောက်ပံ့မှုတွေ ပိုမိုရရှိမှာဖြစ်ပြီး ၄င်းအမှတ်များကို ဂိုဏ်းစတိုးအတွင်းမှာ သူရဲကောင်း (သို့မဟုတ်) အဆင့်မြင့်လက်နက်တို့နဲ့ လဲလှယ်နိုင်မှာဖြစ်ပါတယ်။ ထို့အတူ နှစ်ဖက်အသင်းမှာ ရတနာသေတ္တာတလုံးစီရရှိမှာဖြစ်ပြီး ဂိုဏ်းအတွင်းပါဝင်သူ ကစားသမားတစ်ဦးစီဟာ သေတ္တာကိုဖွင့်လှစ်၍ ကျောက် (crystal)၊ အဆင့်မြင့်ဆင့်ခေါ်ကဒ် နဲ့ ဂိုဏ်းထောက်ပံ့မှုတို့ကို ကျပန်းရရှိပါမယ်။
ဂိုဏ်းတိုက်ပွဲများအတွက် အကြံပြုချက်အနေနဲ့ ကစားသမားဟာ အခြားတစ်ဖက်အသင်းကို မတိုက်ခိုက်ခင်မှာ မိမိရှိနေတဲ့ ခံတပ်အဆင့်ပေါ်မူတည်ပြီး ရွေးချယ်တိုက်ခိုက်သင့်ပါတယ်။ ၂ကြိမ်သာတိုက်ခိုက်နိုင်မှာဖြစ်တဲ့အတွက် ခံတပ်အဆင့်တူကို နိုင်နိုင်ချေများတဲ့အခါ ဦးစားပေးအနေနဲ့ ရွေးချယ်တိုက်ခိုက်နိုင်ပြီး ခံတပ်အဆင့်နိမ့်တဲ့ ရန်သူကိုလည်းရွေးချယ်နိုင်ပါတယ်။ တစ်ဖက်ရန်သူ့ခံတပ်ရဲ့ သူရဲကောင်းများစီထားမှုပုံစံကို မြင်ရတာဖြစ်တဲ့အတွက် ဓာတ်လွှမ်းမိုးမှု၊ ရန်သူကို တန်ပြန်တိုက်ခိုက်နိုင်မှု စတဲ့ အရာတွေကို ချင့်ချိန်သုံးသပ်ပြီး တိုက်ပွဲဝင်အခြေအနေကို သေချာစီစဉ်ပြီးတိုက်ခိုက်မှသာ ကြယ် ၃လုံးအပြည့်ဆွတ်ခူးနိုင်မှာပါ။ ဒါကြောင့် ၈နာရီအချိန်အတွင်းမှာ အချိန်ပေးတိုက်ခိုက်ပြီး ပြိုင်ပွဲကြီးပြီးသွားတဲ့အခါ ရတနာသေတ္တာကို အချိန်မီဖွင့်လှစ်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
ရတနာသေတ္တာကို နောက်ဆုံးရယူနိုင်ချိန်ကတော့ တစ်ရက်ကူးပြီး ၄နာရီအကြာဖြစ်ပါတယ်။
Author